May you be happy and healthy for visiting to my home !
Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

ကိုးရီးယား ပညာရေး ရောဂါ၊ အရှေ့တောင်အာရှ ဆင်ခြင်စရာ


အရှေ့တောင်အာရှ နိုင်ငံများသည် ကိုးရီးယားယဉ်ကျေးမှု အနုပညာကို ပိုမိုစိတ်ဝင်စား လာသည်ကို တွေ့ရှိရသည်။ ကိုးရီးယား ရုပ်သံ TVXB၊ DBSK နှင့် Tohoshinmi တို့သည် ကမ္ဘာတ၀ှမ်းတွင် လူကြိုက်များသော ဖြေဖျော်ရေး လုပ်ငန်းကြီးများ ဖြစ်သည်။
ကိုးရီးယားနိုင်ငံ၏ စီးပွားရေး အောင်မြင်မှုနှင့် ပညာရေး အဆက်အစပ်ကို သိရှိမှု နည်းပါးသည်။ ကျနော် ၁၉၆၉ ခုနှစ်တွင် ကိုးရီးယားနိုင်ငံကို သွားရောက် လည်ပတ်စဉ်က တောင်ကိုးရီးယားမှာ စစ်ပွဲပြီးခါစ ပျက်စီးမှုကြားက ရုန်းကန်နေရသည့် ဆင်းရဲသော နိုင်ငံဖြစ်သည်။ နှစ်ပေါင်း ၃၅ နှစ်အတွင်း ကိုးရီးယားနိုင်ငံသည် ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံအဆင့်ကို ရောက်ရှိလာသော နိုင်ငံ ဖြစ်သည်။
၂၀၀၉ ခုနှစ်က စစ်ဆေးခဲ့သည့် Program for International Student Assessment-PISA တွင် စာဖတ်မှုစွမ်းရည်နှင့် သင်္ချာတွင် ပထမ၊ သိပ္ပံတွင် တတိယ အဆင့်ရရှိခဲ့သည်။
ကိုးရီးယား၏ ပညာရေး ကမ္ဘာ့အဆင့်မှီ မည်ကဲ့သို့ဖြစ်လာသနည်။
ပထမအချက်က အတော်ဆုံး ကိုးရီးယား ကျောင်းသားများ ဆရာဖြစ်လိုခြင်း၊ ထိုင်းနိုင်ငံတွင် ဤကဲ့သို့ မရှိချေ။ ကိုးရီးယားဆရာများသည် လစာကောင်းကောင်း ရရှိခြင်း အပြင်၊ ဆရာမျာအပေါ် ရိုသေလေးစားမှုမှာ အမြင့်ဆုံး အနေအထားတွင် ရှိသည်။ ဥပမာအားဖြင့် အိမ်ထောင်ဖက် ရွေးချယ်ရာတွင်လည်း ပထမ ဦးစားပေးအဖြစ် စဉ်းစားကြသည်။
ဒုတိယ အချက်မှာ ကိုးရီယား ကလေးမွေးဖွားနှုန်း ဖြစ်သည်။ OECD နိုင်ငံများတွင် ကလေးမွေးဖွားနှုန်းမှာ ၁.၁၃ ရှိသည့်အတွက် မိဘများမှ ကလေးများအား ပညာရေး ဘက်တွင် ပိုမိုအာရုံစိုက်နိုင်ခြင်း ဖြစ်သည်။
တတိယအချက်မှာ ကိုးရီးယား၏ Shadow Education ပညာရေးစနစ် ဖြစ်သည်။ ဤစနစ်အရ ကျောင်းသားများသည် ကျောင်းချိန်အပြင် ကျောင်းချိန်အပ၌လည်း အချိန်ပေးပြီး အသည်းအသန် လေ့လာရသော စနစ်ဖြစ်သည်။
ဤကဲ့သို့ ကြိုးစား အားထုတ်မှုဖြင့် ကိုးရီးယား၏ စီးပွားရေးကို စဉ်ပင်ဖွဲ့ဖြိုး စေခဲ့သည်။ ကိုးရီးနိုင်ငံသည် သိပ္ပံနှင့် နည်းပညာတွင် ပါရမီရှင် များမွေးထုတ် ပေးသည့်နိုင်ငံ တစ်ခုဖြစ်သည်။ ကျနော်တွေ့ခဲ့သော ကိုးရီးယား လူ့အဖွဲ့အစည်းသည် စာပေကို ချစ်မြတ်နိုးသောလူမျိုး ဖြစ်သည်။
ကိုးရီးယားနိုင်ငံ၏ ပညာရေး အောင်မြင်ရခြင်းအကြောင်း တစ်ချက်မှာ ကွန်ဖြူးရှပ်ဝါဒကို အလေးအနက် ထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်သောကြောင့်ပင်။ ကျောင်သားများ၊ အလုပ်သမားများမှာလည်း လုပ်ငန်းအပေါ်တွင် စိတ်ဝင်စားမှု အထူးမြင့်မားသောလူမျိုး ဖြစ်သည်။ ကျနော်၏ ဆယ်စုနှစ်များစွာ သင်ကြားရေး အတွေ့အကြုံအရ ကိုးရီးယား ကျောင်းသားများမှာ အာရုံစူးစိုက်မှု အရှိဆုံးသောသူများ ဖြစ်သည်။
ကိုးရီးယား ကျောင်းသားများသည် ကမ္ဘာပေါ်၌ အတော်ဆုံးစာရင်းထဲတွင် ပါဝင်သော်လည်း မိဘာများမှာ ကိုးရီးယား ပညာရေးအပေါ် သဘောမတွေ့မှု ပိုမိုများပြားလာသည်။ တင်းကျပ်သော ပညာရေး စနစ်ကြောင့် ကိုးရီးယားကျောင်းသားများ သည် မိမိကိုယ်ကို သေကြောင်းကြံသည့်နှုန်း အဆမတန် မြင့်မားလာခဲ့သည်။
ဤကဲ့သို့ အခြေအနေများကြောင့် ကိုးရီးယားမိဘများသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု နည်းပါးသည့် အမေရိကားနှင့် ဥရောပနိုင်ငံများရှိ ကျောင်းများတွင် သားသမီးများ ပညာသင်ကြားရေးကို ရွေးချယ်လာကြသည်။
ထိုင်းနိုင်ငံအနေဖြင့် ကိုရီးယားနိုင်ငံမှ မည်သည့် သင်ခန်းစာများကို သင်ယူ လိုက်နာရမည်နည်း။
မထမအချက်မှာ ပညာရေးကဏ္ဍ တွင်အတော်ဆုံး ကျောင်းသားများ ပါဝင်လာရန် ဆောင်ရွက် ရပါမည်။ ဒုတိယ အချက်မှာ စိတ်ပါဝင်စားမှု ကိုအလေးထားရန်နှင့် တတိယအချက်မှာ ထိုင်းလူ့အဖွဲ့အစည်းအတွင်း သုတေသနနှင့် ဖွံ့ဖြိုးမှု ပိုမိုခိုင်မာ လာရေးအတွက် လူမှုဗေဒ၊ လူမှုရေးသိပ္ပံ၊ အင်ဂျင်နီယာ နှင့်သိပ္ပံနယ်ပယ်များတွင် မျှတမှုရှိရန် လိုအပ်သည်။
သို့ရာတွင် ကိုးရီးယားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပညာရေး အားနည်းချက် အချို့ကို အထူးအလေးထားကာ ရှောင်သင့်ပေသည်။ လူသားများ၏ ပျော်ရွင်မှုသည်သာ အရေးကြီးပေသည်။ ယနေ့ ထိုင်းကျောင်းသားများသည် ကိုးရီးယားကျောင်းသားများထက် ပျော်ရွင်မှု ပိုရှိပေသည်။
သို့ရာတွင် ဗုဒ္ဓ၏ အလယ်အလတ် လမ်းစဉ်သည်သာ ပိုမိုသင့်တော်မည်ဟု ယူဆမိပါသည်။ ကိုးရီးယား၏ အောင်မြင်သောပညာရေးစနစ်နှင့် ထိုင်းနိုင်ငံ၏ လက်ရှိပညာရေးစနစ်သည် မတူညီနိုင်သလို ကျောင်းသားများ၏ တီထွင်မှုနှင့် ပညာအရည် အသွေးမှာလည်း ထပ်တူမကျနိုင်ပေ။
Sources: The Korea Paradox by Professor Gerald W fry ( The Nation)
လှရွှေ

ပါကစ္စတန်မှာ စာမတတ်သော ကလေး များပြား

ပါကစ္စတန်ရှိ ကလေးငယ် ၅၈ ရာခိုင်နှုန်းမှာ အူရဒူဘာသာကို မဖတ်တတ်သည့်အပြင် ၇၅ ရာခိုင်နှုန်းမှာ အင်္ဂလိပ်ဘာသာကို မဖတ်နိုင်ကြောင်း တောင်အာရှပညာရေးဖွံ့ဖြိုးမှု ဖေါ်ရမ်၊ Open Spciety Institute ၊ လူသားများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားကော်မရှင်တို့ ပြုလုပ်သည့် သုတေသန စစ်တမ်းအရ သိရှိရသည်။
ပါကစ္စတန်နိုင်ငံရှိ ခရိုင် ၈၅ ခုတွင် ကျောင်းနေအရွယ် ၅-၁၆ နှစ်ကလေးများကို စစ်တမ်း ကောက်ယူခဲ့ရာ ကလေးငယ်အများစုမှာ နှစ်တန်းအဆင့်ရှိ အူရဒူ ဘာသာစကားကိုပင် မဖတ်နိုင်သည့်အပြင် အင်္ဂလိပ်ဘာသာစကားနှင် သင်္ချာဘာသာတို့၏ အခြေခံကိုပင် နားမလည်ကြောင်း တွေ့ရှိရသည်။
ကလေးငယ် ၄၁ ရာခိုင်နှုန်းမှာ ဒေသဆိုင်ရာဘာသာ စကားနှင့် အူရဒူ ဘာသာကို ဖတ်နိုင်ပြီး ၂၅.၈ ရာခိုင်နှုန်းသာလျင် အင်္ဂလိပ်ဘာသာ စကားကို ဖတ်နိုင်သည်။ ကလေးငယ် ၄၀.၁ ရာခိုင်နှုန်းသာ ကဏန်းနှစ်လုံး အပေါင်း ၊ အနှုတ်၊ အမြှေက်အစားကို တတ်မြောက်ပြီး၂၃.၆ ရာခိုင်နှုန်းသာလျင် ကဏန်းသုံးလုံးပေါင်းကို တွက်ချက်နိုင်သည်။
အသက် ၃-၅ နှစ်အကြား ကလေးငယ် ၅၇.၃ ရာခိုင်နှုန်းသည် မူကြိုအဆင့်ပင် တက်ရောက်နိုင်မရှိသည့် အပြင် ကျောင်းနေချိန် ၅ နှစ်အရွယ် ၃၂.၃ ရာခိုင်နှုန်းမှာလည်း ပညာသင်ကြားခြင်းနိုင်ခြင်း မရှိကြောင်း တွေ့ရသည်။ ကျောင်းမနေရသည့် ကလေးငယ် ၅၂.၇ ရာခိုင်နှုန်းသည် မိန်းကလေးငယ်များ ဖြစ်ကြောင်း တွေ့ရသည်။ ပါကစ္စတန် ဖယ်ဒရယ် ၀န်ကြီး Riaz Hussain Pirzada, မှပါကစ္စတန် ပညာရေးသည် ဆိုးရွားနေဆဲ ဖြစ်ပြီး ထောင်စုနှစ်ပညာရေး ရည်မှန်းချက်ကို ပြည့်မှီနိုင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ပါကစ္စတန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အသက် ၅-၁၆ နှစ်ကလေးများသည် ပညာ မသင်မနေရ ပြဌာန်းထားသော်လည်း အများစုမှာ ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ကျောင်းပညာမသင်ကြားနိုင်သည့် ကလေးအများစုမှာ မိန်းကလေးများ ဖြစ်ကြောင်း ယူနက်စကို၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
စောပြည့်ညို
Sources; 75% of Pakistani children unable to read English


ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုတ်နှုံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။

၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး)
တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀)
ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လင်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။


၉။ ၾသစေၾတလ်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)း ၃.၃ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၁)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၀၇၁၉ ( အမြင့်ဆုံးအဆင့် ၆)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၁၄.၆၃ ( တတိယ အမြင့်ဆုံး)
သြစတြေလျ၏ လူဦးရေတိုးတက်နှုန်းမှာ သက္ကရာဇ် ၂၀၀၀-၂၀၀၉ အတွင်း ၁၄.၆၃ ရခိုင်နှုန်းရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေ တိုးတက်မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်သည်။ သြစတြေလျနိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေအား ပညာရေးကဏ္ဍ၌ အသုံးပြုမှုမှာ OECD နိုင်ငံများအတွင်း အနိမ့်ဆုံးအဆင့် ၆ တွင်ရှိသည်။

၈။ ဗြိတိန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း ၄.၀ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၉ တွင်ရှိသည်)
တဦးချင်းပြည်တွင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၃၅ ၅၀၄ (အမြင့်ဆုံးအဆင့် ၁၆)
လူဦးရေ အပြောင်းအလဲ (၂၀၀၀-၂၀၀၉)း ၃.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၃)
အခြားသော OECD အဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ အင်္ဂလန်နိုင်ငံ၏ ပညာတတ်လူဦးရေ တိုးတက်မှုမှာ သက္ကရာဇ် ၁၉၉၉-၂၀၀၉ အတွင်း ၄ ရာခိုင်နှုန်းအထိ ရှိသည်။ အင်္ဂလန်နိုင်ငံသည် ပြည်သူ့ဘဏ္ဍာ ကိုပညာရေး၌ အသုံးပြုမှုမှာ OECD အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့် ၄ တွင်ရှိသည်။

၇။ နော်ဝေ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် ၅၆၆၁၇ ဒေါ်လာ (ဒုတိယ အမြင့်ဆုံး)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၇.၅၂ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၁၄)
နော်ဝေနိုင်ငံသည် ပြည်သူ့ဘဏ္ဍာကို ပညာရေးကဏ္ဍ၌ အသုံးပြုရာတွင် တတိယ အများဆုံးနိုင်ငံဖြစ်သည်။ ဂျီဒီပီ၏ ၇.၃ ရာခိုင်နှုန်းကို အသုံးပြုသည်။ နိုဝေနိုင်ငံ၏ ၆၀ ရာခိုင်နှုန်မှာ ကောလိပ်ဘွဲ့ရများ ဖြစ်သည်။ နိုဝေ နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် တဦးချင်းဝင်ငွေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။

၆။ တောင်ကိုးရီးယား
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၉ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၅.၃ ရာခိုင်နှုန်း ( အမြင့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၂၉၁၀၁ ( အနိမ့်ဆုံးအဆင့် ၁၃)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၃.၇ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၄)
ကိုးရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် ဘွဲ့ရများသောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ဘွဲ့ရဦးရေ ၅.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ OECD အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးအဆင့် ၅ ရှိသည်။ ကိုးရီးယားကျောင်းသား အများစုကြိုက်နှစ်သက်သော ဘာသာရပ်များမှာ ပညာရေး၊ လူမှုရေးဘာသာရပ်၊ အနုပညာ ဘာသာရပ်တို့မှာ အမြင်းဆုံးဖြစ်သည်။

၅။ နယူးဇီလန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၅ ( အနိမ့်ဆုံးအဆင့် ၁၄)
တဦးချင်းပြည်တွင်းထုတ်လုပ်မှု ဒေါ်လာ ၂၉၈၇၁ (အနိမ့်ဆုံးအဆင့် ၁၄)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၁.၈၈ ( အမြင့်ဆုံးအဆင့် ၈)
နယူးဇီလန်နိုင်ငံ၏ တဦးချင်းပြည်တွင်းထုတ်လုပ်မှုမှာ ဒေါ်လာ ၃၀၀၀၀ အောက်လျော့နည်းသည့်အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၄ ရှိသည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ကောလိပ်အဆင့် တက်ရောက်သူများ ဖြစ်သည်။ ကမ္ဘာတွင်ကောလိပ်တက်ရောက်မှု အဆင့် ၅ တွင်ရှိသည်။
၎။ အမေရိကန် ပြည်ထောင်စု
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၁ ရာခိုင်နှုန်း
နှစ်စဉ် တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) ၁.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးဖြစ်သည်)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၆ ၅၈၈ (အမြင့်ဆုံးအဆင့် ၄)
လူဦးရေပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၈.၆၈ ( အမြင့်ဆုံးအဆင့် ၁၂)
အမေရိကန် ပြည်ထောင်စုတွင် ကောလိပ်ပြီးဆုံးမှုသည် လူဦးရေ အချိုးအစားနှင့်တွက် ချက်ပါက ၁.၄ ရာခိုင်နှုန်းသာရှိသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် အနိမ့်ဆုံးဖြစ်သည်။ ပညာရေးအတွက် အသုံးစရိတ်မှာ ပညာရေး အသုံးစရိတ်စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၆ ရှိသည်။ အရွယ်ရောက်ပြီးသူ ပညာတတ် အများဆုံးသော နိုင်ငံဖြစ်သည်။
၃။ ဂျပန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၄ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၂ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၀)
တဦးချင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံးအဆင့် ၁၇)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉ ရာခိုင်နှုန်း) ၀.၄၆ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၆)
ဂျပန်နိုင်ငံရှိ လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ ကောလိပ် တက်ရောက်ဖူးသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အလယ်တန်းအဆင့် အောင်မြင်မှုတွင် ဖင်လန်နိုင်ငံနှင့် အဆင့်တူညီရှိသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁.၅ ရာခိုင်နှုန်းကို ကောလိပ်အဆင့် ပညာရေးတွင် သုံးသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၇ တွင်ရှိသည်။

၂။ အစ္စရေး
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၅ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၂၈၅၉၆ ဒေါ်လာ
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၉.၀၂ ရာခိုင်နှုန်း ( အမြင့်ဆုံး)
၂၀၀၇ ခုနှစ်တွင် ကောက်ယူသော စစ်တမ်းအရ အသက် ၂၅-၆၄ နှစ်အတွင်း ကောလိပ်ပညာ ပြီးဆုံးမှုသည် ၄၄ ရာခိုင်နှုန်းရှိသည်။ အမျိုးသားထုတ်ကုန်နှင့် တွက်ချက်ပါက ပညာရေး အသုံးစရိတ်မှာ ၂၀၀၀-၂၀၀၈ ခုနှစ်အတွင်း ကျဆင်းလာခဲ့သည်။

၁။ ကနေဒါ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၅၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ( အနိမ့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ၃၉၀၇၀ ( အမြင့်ဆုံးအဆင့် ၁၀)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၉.၈၉ ( အမြင့်ဆုံးအဆင့် ၁၀)
ကနေဒါနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကောလိပ်ပညာ ပြီးဆုံးသူများ ဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု၏ ၂.၅ ရာခိုင်နှုန်းကို ပညာရေးတွင် သုံးသည့်အတွက် OECD အဖွဲ့ဝင်များတွင် အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကျောင်းသား ၂၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြောင်းရွှေ့လာသူများဖြစ်သည်။
စောပြည့်ညို
Sources; The 10 Most Educated Countries in the World


ဒီခေတ်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာတွေခေတ်စားနေတော့ နိုင်ငံရေးဆိုတာကို မေ့ထားကြတာ များတယ်။ နိုင်ငံရေးကိုမေ့နေတော့ နိုင်ငံရေးသမားတွေ လုပ်ချင်တာလုပ် ခေါင်းငုံ့ခံရတယ်။
နိုင်ငံရေးကို သိစရာမလိုဘူးလို့ သဘောထားတော့ သူများပြောသမျှ အဟုတ်ထင်တတ်တယ်။ နိုင်ငံရေးကို ငါတို့နဲ့ မဆိုင် ပါဘူးလို့ထင်တော့ ကိုယ်တိုင်ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ပျောက်ကုန်ပြီး ဟိုလူ့နောက် လိုက်ရ နိုးနိုး၊ သည်လူ့နောက်လိုက်ရနိုးနိုး၊ ဟိုလူပြော ကောင်းနိုးနိုး၊ သည်လူပြော ကောင်းနိုးနိုးဖြစ်လာကြတယ်။
တိုင်းပြည်တစ်ပြည်မှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေချည်း လိုအပ်တာမဟုတ်ပါ ဘူး၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေးဝေဖန်ဆန်းစစ်သူတွေ၊ နိုင်ငံရေးလေ့လာသူတွေ အများကြီး လိုပါတယ်။ အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ နိုင်ငံရေအကြောင်း ကောင်းကောင်း သိသူတွေ လိုအပ်ပါတယ်။
ခေါင်းဆောင်ကောင်းဖြစ်ရေး၊ နိုင်ငံတော်တည်ဆောက်ပြုပြင်ရေးမှာ နိုင်ငံရေးအကြောင်းသိသူတွေ မွေးထုတ်ပေးဖို့လိုပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပညာသွားရောက်သင်ကြားဖို့ အခွင့် အရေးလည်းရမယ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလည်း စိတ်ပါဝင်စားတယ်၊ သင်ကြားလိုပါတယ်ဆိုတဲ့သူတွေအတွက် အမေရိကန်မှာရှိတဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေကို ဖော်ပြလိုက်ပါတယ်။

1.    Harvard University

တစ်နိုင်ငံလုံးက နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ပတ်သက်ပြီး အကောင်းဆုံးသင်ကြားနိုင်တဲ့ကျောင်းလို့ သတ်မှတ်ထားကြပါတယ်။  ဟားဗတ်သင်ရိုးတွေမှာ သမိုင်းရေးဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ လူ့ဘောင်အဖွဲ့ အစည်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ ဒဿနိကဗေဒဆိုင်ရာ အတွေးအမြင်နဲ့ချဉ်းကပ်မှုဆိုပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားပါတယ်။
ဒီနှစ်ပိုင်းတွေမှာ Government Department ဆိုတာ ထပ်ဖွင့်ပြီး နိုင်ငံရေးကို အရေအတွက်အရတိုင်းတာမှု၊ အပြုအမူအရတိုင်းတာမှု၊ အစဉ်အလာသဘောတရား အရတိုင်းတာမှုဆိုတာတွေကို ထပ်မံတိုးချဲ့ သင်ကြားပေးနေတယ်။ နိုင်ငံရေးကို သမိုင်းရေးအမြင်၊ ခေတ်ရေးအမြင်နှစ်ရပ် ပေါင်းစပ်သင်ကြားတာကြောင့် ဘွဲ့ရကျောင်းသားတစ်ယောက်အနေနဲ့ လုံလောက် တဲ့အခြေခံတွေ ပါသွားနိုင်ပါတယ်။ ဟားဗတ်မှာကျောင်းတက်သွားပြီး အမေရိကန်နိုင်ငံသမ္မတဖြစ်နေသူ ၇ ဦးလောက်ရှိပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ထူးခြားချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်စာကြည့် တိုက်ကြီးကို ထူထောင်ထားနိုင်တာပါ။ အဲဒီကျောင်းလောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ program တွေ၊ seminar တွေပေါတာလည်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံကိုသင်ရင်း ကျောင်းသားတွေဟာ လူတစ်ဦးချင်း လိုက် နာစောင့်ထိန်းအပ်တဲ့ စည်းမျဉ်းတွေနဲ့ အသားကျသွားမှာဖြစ်လို့ သိပ်ပြီးပူပင်စရာမလိုတဲ့နေရာတစ်နေရာ လည်းဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာအထောက်အပံ့တွေ၊ ပညာသင်ဆုတွေ၊ ဂုဏ်သတင်းကျော်စောမှုတွေ ကြောင့် နိုင်ငံရေးသိပ္ပံကို စိတ်ဝင်စားတဲ့သူတွေ ဟားဗတ်ကျောင်းကိုသာ ဦးစားပေးအနေနဲ့ ရွေးချယ်လေ့ ရှိကြတယ်။
2.    Yale University
 
ယေးလ်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကတော့ ကမ္ဘာအနှံ့ကျော်ကြားပြီးသားပါ။ နိုင်ငံရေးသိပ္ပံကို ဒဿနိကဘာသာရပ်နဲ့ တွဲဖက်ထားပြီး ခေါင်းဆောင်နိုင်သူတစ်ယောက်ရဲ့ အတွေးအမြင်တွေကို ရင့် ကျက်အောင်လေ့ကျင့်သင်ကြားပေးနေတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံမှာ Health Policy, Globalization, Social and Policy Studies ဆိုတဲ့ဘာသာရပ်တွေကို ထပ်မံတိုးချဲ့သင်ကြား ပေးနေတဲ့အပြင် Ethics, Politics, Economics ဘာသာရပ်တွေကိုလည်း မလပ်အောင် သင်ကြားပေး နေတယ်။ ပညာသင်ထောက်ပံ့ကြေးတစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀၀ လောက်ပေးဖို့အစီအစဉ်တွေလည်း ရှိတာကြောင့် ကျောင်းသားအများစု စိတ်ဝင်စားကြတယ်။ အမေရိကန် သမ္မတ ၅ ဦးဟာ ယေးလ် ကျောင်းထွက်တွေဖြစ်ပါတယ်။
3.    Princeton University
 
အမေရိကန်ပညာရေးသမိုင်းမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း တစ်ကျောင်းအဖြစ် နာမည်ကြီးတယ်။ အစဉ်အလာကြီးတဲ့ နိုင်ငံရေးသိပ္ပံဌာနကိုလည်း ဖွင့်လှစ်ထား တယ်။ နိုင်ငံရေးသိပ္ပံဌာနမှာ ဆရာ ၆၀ လောက်ရှိတယ်။ အကြီးဆုံနိုင်ငံရေးသိပ္ပံဌာနလို့လည်း ပြောနိုင် တယ်။ နည်းပညာနဲ့သင်ကြားမှုအပိုင်းမှာလည်း ထိပ်တန်းရောက်နေတဲ့တက္ကသိုလ်ပါ။ Seminar တွေ၊ ဆွေးနွေးပွဲတွေ၊ သုတေသနတွေအများကြီးလုပ်ပေးနေတဲ့အတွက် ကျောင်းသားတွေအတွက် အခွင့် အလမ်းကောင်းတွေ အများကြီးရနိုင်တဲ့ နေရာတစ်နေရာလို့ပြောနိုင်တယ်။
4.    Stanford University
 
စတန်းဖို့ဒ်တက္ကသိုလ်က ကျောင်းသားတွေကို ပါရဂူဘွဲ့လောက်ယူနိုင်သူတွေဖြစ်အောင် လေ့ကျင့် သင်ကြားပေးနေပါတယ်။ နှစ်စဉ် ပါရဂူဘွဲ့အတွက် ၁၂ ယောက်ကနေ ၁၅ ယောက်လောက်အထိ ပါရဂူဘွဲ့တန်းကို တက်ရောက်ဖို့ ရွေးချယ်ကြတယ်။ ဒီကျောင်းရဲ့ ထူးခြားချက်က ဆရာနဲ့ကျောင်းသား သင်ကြားမှုအချိုး အရမ်းနည်းတယ်။ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကိုလည်း ရွေးချယ်ခွင့်ရှိ တယ်။ American Politics, Comparative Politics, International Relations, Political Methodology, Political Institutions, Political Theory တွေကို ရွေးချယ်သင်ကြားခွင့်ရှိတယ်။
5.    University of California, Berkeley
 
နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားနေတဲ့ကျောင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ပါတယ်။ နိုင်ငံရေး သိပ္ပံဌာနမှာ ဆရာ ၅၂ ယောက်ရှိတယ်။ ခေါင်းဆောင်ကောင်း၊ စည်းကမ်းဥပဒေ၊ နိုင်ငံရေးဘာသာရပ် တွေကို သင်ကြားပို့ချပေးနေပါတယ်။ ဒီဌာနကဆရာတွေက အခြား လူမှုဗေဒ၊ ဘောဂဗေဒ၊ ဥပဒေ၊ စီးပွားရေးစတဲ့ဌာနတွေမှာလည်း နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်ပြီးသွားသင်ပေးရတယ်။ ဝေဖန်ဆန်းစစ်တဲ့ အတွေးအမြင်ဆိုင်ရာစာပေတွေလေ့လာဖတ်ရှုစေခြင်း၊ ပိုင်းခြားစိတ်ဖြာတဲ့အမြင်နဲ့ ရေးသားပြုစုစေခြင်း တွေကိုလေ့ကျင့်ပေးလို့ ကျောင်းသားတွေအတွက် အကျိုးများစေတယ်။ ဆရာကျောင်းသားအချိုးက 18:450 နှုန်းသတ်မှတ်ပြီး သင်ကြားပေးနေတယ်။ ဆရာတစ်ယောက် ကျောင်းသား ၂၅ ယောက်နှုန်း လောက်ရှိမယ်။
6.    University of Michigan, Ann Arbor
 
နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားမှုမှာ အစဉ်အလာကြီးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ပထမဦး ဆုံး နိုင်ငံရေးသိပ္ပံကျောင်းတော်သားတွေကို ပညာရှင်ပုံစံမျိုးဖြစ်အောင် ရိုက်သွင်းတယ်။ နောက်ပိုင်း ဒီကျောင်းထွက်တွေဟာ သင်ကြားရေးပိုင်းတွေ၊ သုတေသနအပိုင်းတွေမှာ ထူးချွန်သူတွေဖြစ်လာတယ်။ ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ရွေးချယ်သင်ယူနိုင်ခွင့်တွေ အများ ကြီး စီစဉ်ပေးထားတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်၊ လိုအပ်တဲ့ဘာသာရပ်ကို လေ့လာသင်ကြား နိုင်တယ်။
7.    University of Chicago
 
ပထမဦးဆုံး နိုဗယ်ဆုရ နိုင်ငံရေးသိပ္ပံပညာရှင်ထွက်ပေါ်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဟားဗတ် ဆိုင်မွန်ဆိုသူဟာ ဒေါက်တာဘွဲ့ကို ဒီကျောင်းကရပြီး နိုဗယ်ဆုကိုလည်း ရရှိခဲ့တယ်။ ဒီကျောင်းရဲ့ထူး ခြားချက်က အစဉ်အလာပညာသင်ကြားရေးစနစ်တွေကို ရိုက်ချိုးဖျက်ပြီး ခေတ်သစ် စနစ်သစ်နဲ့ ကိုက်ညီအောင် သင်ကြားတယ်ဆိုတာကို ဂုဏ်ယူနေတယ်။ စည်းကမ်းအကောင်းဆုံး၊ တီထွင်သင်ကြား မှုအကောင်းဆုံးပညာရေးစနစ်ကိုပိုင်ဆိုင်ထားတဲ့ ကျောင်းတစ်ကျောင်းအနေနဲ့ နာမည်ကျော်ပါတယ်။
8.    Duke University
 
အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံရေးသိပံ္ပဌာနကြီးတစ်ခုရှိတယ်။ ဘွဲ့ရကျောင်းသားတွေရဲ့ သင်ကြားမှု ပရိုဂရမ်အမှတ်ပေးခြင်းမှာ နံပါတ် ၂ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်တယ်။ ဘာသာခွဲတွေ အနေနဲ့ American Politics, Comparative Politics, International Relations, Political Theory and Methods ဘာသာရပ်တွေကိုပါ သင်ကြားပေးတယ်။ Race, Ethnicity, Politics ဘာသာရပ်တွေ ကိုလည်း သီးခြားဘာသာရပ်အနေနဲ့ ထပ်မံလေ့လာနိုင်တယ်။ ဘွဲ့ရပြီး ဘွဲ့လွန်တန်းတက်နေသူတွေက ကျောင်းသားတစ်ယောက် ဆရာနှစ်ယောက်နှုန်းလောက်နဲ့ သင်ကြားပေးတယ်။
9.    University of California, Los Angeles
 
နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ဘာသာခွဲတွေအနေနဲ့ Political Theory, International Relations, American Politics, Comparative Politics, Methodology, Race, Ethnicity and Politics ဘာသာ ရပ်တွေကို သင်ကြားရတယ်။ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးများကို နှိုင်းယှဉ်လေ့လာခြင်း၊ နိုင်ငံရေး သဘောတရားနှင့်လက်တွေ့ပညာရပ်တွေကိုသင်ကြားရာမှာ အထူးနာမည်ကြီးတယ်။
10.    Massachusetts Institute of Technology
 
MIT ဆိုတာကတော့ သုတေသနပြုလုပ်ရာမှာ နာမည်ကျော်တဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းရဲ့ နိုင်ငံရေးသိပံ္ပဌာနမှာ American Politics, Comparative Politics, International Relations, Models and Methods, Political Economy, Security Studies ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။ ကျောင်းသားကို အနည်းငယ်ပဲလက်ခံတယ်။ ဘွဲ့ကြိုတန်းရောက်ရင် seminar ပုံစံတွေနဲ့ပဲ သွားတော့တယ်။
နည်းပညာရှင်တွေအများကြီးထွက်တဲ့ကျောင်းမှာ နိုင်ငံရေးသိပ္ပံကျောင်း တစ်ကျောင်းအနေနဲ့ ထိပ်ဆုံး ၁၀ ကျောင်းထဲစာရင်းဝင်တာကတော့ သာမန်မဟုတ်ဘူးလို့ဆိုရမယ်။
တင်ညွန့်
http://www.maukkha.org/index.php/book-store/reading-room-maukkha/1739-maukkha-political-school-10-from-usa